>

Happy Birthday to...

Tuesday, February 26, 2008 6 ယောက်၏အမြင်များ

နိုဝင်ဘာ၊ ဒီဇင်ဘာ လတွေတုန်းက မွေးနေ့ရှင်တွေ တန်းစီနေသလို အခု ဖေဖော်ဝါရီကလည်း ဘလော့ဂါ မွေးနေ့ရှင်တွေ များတဲ့လတစ်လပါ။ အရင်ရက်တွေတုန်းက ကိုပီကေကို black dreamကိုမင်းတစေ နဲ့ P Z J တို့ကမ္ဘာက j-quen(pjz) တို့ရဲ့မွေးနေ့တွေပါ။ ဒီနေ့ရဲ့ မွေးနေ့ရှင်ကတော့

" နေ့သစ်တစ်ခုကိုဖြတ်သန်းဖို့
ခွန်အားလိုတယ်
ဘ၀တစ်ခု ရွေ့လျားဖို့
ကျွန်မ လိုအပ်တာက
သူငယ်ချင်းများပါ............... "
လို့ ခံယူထားသူဖြစ်ပြီး ကဗျာတွေကိုလည်း ချစ်တတ်သူတစ်ယောက်ပါ။ နောက်ပြီး သူက သရဲလည်း ကြောက်တတ်ပါသေးတယ်။ သူကတော့ အားလုံးက chaos လို့သိတဲ့ မကဗျာချစ်သူပါ။

သူနဲ့ကျွန်မက တစ်ဝမ်းကွဲ တော်ပါတယ်။ သူ့အမေက ညီအစ်မသုံးယောက် ရှိပါတယ်။ ကျန်တဲ့ညီမ နှစ်ယောက်ရဲ့ သားသမီးတွေနဲ့ ကျွန်မတို့နဲ့ ရင်းနှီးပေမယ့် သူနဲ့တော့ ခင်မင်ခွင့်မရခဲ့ပါဘူး။ ဘလော့ရေးရင်းနဲ့ မှ ပို့စ်လေး တစ်ခုကြောင့် သူနဲ့ ကျွန်မ သိခွင့်ရခဲ့တယ်။ နောက်ပိုင်း ဂျီတော့ မှာစကားပြောဖြစ်တော့မှ အမျိုးတွေမှန်း သိလိုက်ရတယ်။ အပြင်မှာ တစ်ခါမှမတွေ့ဖူးပေမယ့် အိမ်ထဲမှာ အကြီးဆုံးဖြစ်တဲ့ ကျွန်မအတွက်ကတော့ သူဟာ အစ်မအရင်းတစ်ယောက်လိုပါပဲ။ အစ်မတစ်ယောက်လိုပဲ စောင့်ရှောက်တယ်။ ကျွန်မရဲ့ကိစ္စ အစစ အရာရာ အတွက်လည်း ဂရုစိုက် ပူပန်ပေးပါတယ်။ အလုပ်တွေ များနေပေမယ့် တစ်ခါတစ်လေကျရင် ကျွန်မ ပြဿနာတစ်ခုခုရှိရင် ဂရုတစိုက်နဲ့နားထောင် အကြံပေးပါတယ်။ အရင်က အပြင်မှာမခင်ခဲ့ရပေမယ့် အခုလို ဘလော့ကြောင့်သိခွင့်ရတဲ့အတွက် ကျွန်မ ၀မ်းသာလို့မဆုံးပါဘူး။ သူကတော့ ကျွန်မအတွက်တော့ အစစ အရာရာကို အားကိုးလို့ရတဲ့ လူတစ်ယောက်ပါ။

ဒီနေ့ကသူ့ရဲ့ ၂- နှစ်မြောက်မွေးနေ့ပါ။ ဘယ်လောက်လဲတော့အသေချာမသိဘူး။ သူ့ပဲ သွားမေးကြည့်လိုက်တော့နော်။ မုန့်စားဖို့ သူ့ဘလော့ကို ဒီ ကနေသွားပါ။

အစ်မရေ ဒီနေ့ မွေးနေ့ကနေစပြီး နောက်နှစ်ပေါင်းများစွာ ကိုယ်ချစ်တဲ့လူတွေနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်ပါစေ။ ဘ၀ခရီးလမ်းကို အခက်အခဲမရှိလျှောက်လှမ်းနိုင်ပြီးတော့ လိုရာပန်းတိုင်ကို လည်းအရောက်လှမ်းနိုင်ပါစေ။ လိုအင် ဆန္ဒတွေလည်း အားလုံးပြည့်ဝနိုင်ပါစေ လို့ ဆုတောင်းပေးပါတယ်နော်။

Read More...

>

Upin and Ipin

Wednesday, February 20, 2008 1 ယောက်၏အမြင်များ

အစ်မ သဉ္ဖာရေးထားတဲ့ ဒီပို့စ်လေးကို ဖတ်ပြီးတော့ ပြန်ဝေမျှချင်လို့ပါ။ Upin နဲ့ Ipin ဆိုတဲ့ ကလေး အမြွှာညီအစ်ကို နှစ်ယောက်ရဲ့ ဥပုသ် (ရမ်ဇာန်)လ အတွေ့အကြုံလေးကို ရိုက်ထားတဲ့ ကာတွန်း ဇာတ်လမ်းလေးပါ။ ကလေးသဘာဝ ဥပုသ်စောင့်ရမှာ ဘုရားရှိခိုးရမှာ ထက်စာရင် လွတ်လွတ်လပ်လပ် နေချင်တာ သူငယ်ချင်းတွေနဲ့ဆော့ကစားချင်ပေမယ့် လူကြီးတွေကို ကြောက်ရတော့ ဥပုသ်စောင့်၊ ဘုရားရှိခိုးရတယ်။ အစကတော့ သိပ်စိတ်မပါပေမယ့် နောက်ဆုံးမှာတော့ သူတို့လုပ်ရပ်ရဲ့အကျိုးကျေးဇူးကို သိသွားပြီး ဘာသာရေးလုပ်ရမှာ စိတ်ပါသွားတဲ့ အကြောင်းလေးပါ။



Part 2
Part 3
Part 4
Part 5

Read More...

>

နှစ်သစ်၏အဓိပ္ပာယ်

Friday, February 8, 2008 6 ယောက်၏အမြင်များ

မနေ့က (ဖေဖော်ဝါရီ ၇ရက်နေ့) က တရုတ်နှစ်သစ်ကူးပါ။ တရုတ်ပြက္ခဒိန်အရ နောက်ထပ်နှစ်သစ်တစ်နှစ်ကိုကူးပြောင်းသွားပြန်ပြီ။ တစ်နှစ်ကို အကောင်တစ်ကောင်ပြောင်းတဲ့ ဒီတရုတ်နှစ် အတွက် ယခုနှစ် ၂၀၀၈ က ကြွက်နှစ်ကျပါတယ်။ နှစ်သစ်ဆိုရင် တရုတ်လူမျိုးတွေဟာအိမ်တွေသန့်ရှင်းရေးလုပ်၊ မိသားစုတွေစုဝေးပြီး ထမင်းအတူတူစုစားကြတယ်။ အဲလိုစုတဲ့အချိန်မှာ လူကြီးတွေက ကလေးတွေကို အန်ပေါင်းလို့ခေါ်တဲ့ စာအိတ်အနီရောင်လေးထဲမှာ ပိုက်ဆံထည့်ပြီးတော့ ပေးကြပါတယ်။ ကလေးတွေကပိုက်ဆံရလို့ပျော်သလို လူကြီးတွေကလည်းကလေးတွေပျော်တာကိုကြည့်ပြီးပျော်ရွှင်ကြပါတယ်။ ပြီးရင် ဘုရားရှိခိုးကြ၊ ဆုံးသွားတဲ့ဆွေမျိုးတွေကို ကန့်တော့ကြပါတယ်။ ဒါတွေက နှစ်စဉ်နှစ်တိုင်း နှစ်ကူးအချိန်ကျရင် လုပ်လေ့လုပ်ထရှိတဲ့အရာတွေပါ။


လူတွေက မင်္ဂလာအခါသမယ မှာ ( ဥပမာ ဒီလိုအချိန်ဆိုရင်) ကောင်းမှုကုသိုလ် ဒါမှမဟုတ် တစ်ခုခုသူများအတွက်အကျိုးရှိမယ့် အရာတွေကိုလုပ်ပေးဖို့ဆန္ဒရှိကြပါတယ်။ အဲလိုမျိုးလုပ်လိုက်လို့ တစ်ဖက်သားအတွက် တစ်စုံတစ်ရာအကျိုးရှိမယ်ဆိုရင် ကိုယ်လည်းဝမ်းသာရတယ် ပြီးတော့ နှစ်သစ်အတွက်လည်း အထိမ်းအမှတ်တစ်ခုအနေနဲ့ကျန်ရစ်ခဲ့ပါတယ်။ သို့သော်လည်းပဲ အဲလိုမျိုးလုပ်ဖို့က ကိုယ့်မှာ အဲလိုအခွင့်အရေးမျိုးရှိမှလည်းဖြစ်မှာပါ။ အခွင့်အရေးရလိုက်တဲ့လူအတွက်ကတော့ ဒီနှစ်ဟာ သူ့အတွက် ကံကောင်းခြင်းနဲ့စတဲ့နှစ်တစ်နှစ်လို့ပြောလို့ရမှာပါ။
xxxxxxxxxxxxxxxxxxxxx

ကားစမောင်းခါစလူတစ်ယောက်က စည်းကမ်းကိုသေချာမသိပဲမောင်းမိတော့ ရဲကဖမ်းသွားပြီး ဒဏ်ငွေတွေဆောင်ရ အမှုတွေရင်ဆိုင်ရမယ့်ကိန်းဆိုက်လာပါတယ်။ ကံဆိုးချင်တော့ သူက အင်္ဂလိပ်စကားကိုကျွမ်းကျွမ်းကျင်ကျင်မပြောတတ်ပါဘူး။ သူ့အတွက်ဘာသာပြန်ပေးမယ့် မိတ်ဆွေတစ်ယောက်အနားမှာပါပေမယ့် သူကတော့ ရဲတွေနဲ့ရင်ဆိုင်ရတာကို အရမ်းကြောက်နေခဲ့ပါတယ်။ ဘာလုပ်လို့ဘာကိုင်ရမှန်းလည်း မသိ၊ ဘာပြောလို့ ဘာဆိုရမှန်းလည်းမသိဖြစ်နေတယ်။့ ဘာသာပြန်ပေးတဲ့လူကလည်း ဘာသာပြန်ရုံကလွဲရင် ဘာမှဝင်ပြောပိုင်ခွင့်မရှိဘူးလေ။ အဲတော့ အဲဒီအမှုဖြစ်နေတဲ့လူအတွက်က ပိုပြီးအခက်တွေ့ပါလေရော့။ ဒီလိုနဲ့ပဲ ကြာလာတော့ သူနဲ့စကားပြောရတဲ့ရဲမေက သူ့ကိုသနားသွားပြီး သူ့ရဲ့မှတ်တမ်းကိုပယ်ချလိုက်တယ်။ ဆောင်ရမယ့် ဒဏ်ငွေတွေကိုလည်းလျှော့ချပေးလိုက်တယ်။ သူ့ခမျာပျော်လွန်းလို့ထခုန်မတတ်ပါပဲ။ ပြန်ခါနီး သူ့ရဲ့ မိတ်ဆွေဘာသာပြန်က ရဲမေကို ဒီနေ့အဲလိုမျိုးသူ့ကို လွတ်ပေးလိုက်တာ အရမ်းကောင်းတယ် ဘာလို့လဲဆိုတော့ ဒီနေ့က တရုတ်နှစ်သစ်ကူးမလို့ပဲ ဆိုပြီးပြောလိုက်တော့ ရဲမေက သူလုပ်လိုက်တာ အရမ်းတန်ဖိုးရှိသွားတယ်ဆိုပြီးပျော်သွားတာပေါ့။

နောက်အဖြစ်အပျက်တစ်ခုကတော့ ကျောင်းသားတိုင်းကြုံချင်တဲ့ကိစ္စပါ။ ကျောင်းက အတန်းတစ်တန်းက ဆရာမက စာသင်တာ သိပ်မကောင်းဘူး။ ကျောင်းသားအားလုံးထဲမှာမှ David ဆိုတဲ့ကျောင်းသားကတော့ ဒုက္ခအရောက်ဆုံးပေါ့။ သူက စာတွေကိုနားမလည်တော့ နားလည်အောင် tutor
တက်တယ်။ Tutor တက်တော့ စာတွေနားလည်လာပေမယ့် အိမ်စာကိုတော့မလုပ်ဖြစ်ပြန်ဘူး။ အဲလိုနဲ့အိမ်စာအဟောင်းတွေနဲ့ပဲ သံသရာလည်ပြီး အသစ်ကိုမတက်နိုင်ဖြစ်နေတယ်။
စာအကြွေးတွေက သူ့အတွက်တော့ တစ်ရက်ထက်တစ်ရက် တစ်ပတ်ထက်တစ်ပတ်ပိုများလာတာပေါ့။ ဒါပေမယ့် မနေ့ကတော့သူ့အတွက် ထီပေါက်တယ်လို့ဆိုရမှာပဲ။ ဆရာမကိုသူက စာတွေမနိုင်ဘူး အရမ်းများတယ် ပြီးတော့ သိပ်လည်းနားမလည်ဘူးလို့ပြောလိုက်တော့ ဆရာမက သင်ပုံသင်နည်းလည်းပြောင်းလိုက်တယ်။ ပြီးတော့ တရုတ်နှစ်သစ်ကူးမလို့ လက်ဆောင်ပေးတဲ့သဘောနဲ့ အိမ်စာအဟောင်းတွေကိုလည်း လုပ်စရာမလိုတော့ဘူးတဲ့။
xxxxxxxxxxxxxxxxx

ဈေးမကြီးပေမယ့် တန်ဖိုးကြီးတဲ့လက်ဆောင်တွေပါ။ လက်ခံရရှိလိုက်တဲ့လူအတွက်ကအဖိုးအဖြတ်နိုင်သလို ပေးရတဲ့လူအတွက်ကလည်း အရမ်းကိုပီတိဖြစ်ရပါတယ်။ အားလုံးပဲ အဲလိုလက်ဆောင်မျိုးပေးမယ့် လူတွေနဲ့တွေ့နိုင်သလို ကိုယ်ကလည်း ပေးနိုင်မယ့် အခွင့်အရေးမျိုးတွေနဲ့ကြုံကြပါစေလို့ဆုတောင်းပေးပါတယ်။ ပျော်ရွှင်ဖွယ်နှစ်သစ်တစ်နှစ်ကိုပိုင်ဆိုင်နိုင်ကြပါစေ။

Year Of The Rat

Read More...

>

နေဘုန်းလတ်သို့ ….

Tuesday, February 5, 2008 1 ယောက်၏အမြင်များ

ဘလော့ဂ်ဂါမောင်နှမတွေအကြား ချစ်ခင်ရင်းနှီးစွာ စနောက်ကြရင်း
"မြို့စားကြီးနေဘုန်းလတ်" လို့ နာမည်တွင်ခဲ့တဲ့သူ။ မနှစ်က ဒီလိုနေ့မှာပဲ
"လွတ်ကျခဲ့တဲ့မြို့တော်" ဘလော့ဂ်လေးကို သူကိုယ်တိုင် အသက်သွင်းခဲ့တယ်။
ဒီနေ့ တော့ တစ်နှစ်တင်းတင်း ပြည့်သွားပြီပေါ့။ မှတ်မှတ်ရရ သူ့ 
ဘလော့ဂ်မှာ ပထမဆုံးတင်လိုက်တဲ့ ပို့စ်နာမည်ကလည်း "လွတ်ကျခဲ့တဲ့မြို့တော်"
တဲ့။ လက်တွေ့ဘဝမှာ သူလွတ်ကျခဲ့တဲ့ စာရေးဆရာ၊ ဒါမှမဟုတ် အနုပညာသမားဆိုတဲ့
အမည်နာမတွေအတွက် သူ့ ဘလော့ဂ်ဟာ သစ္စာရှိတဲ့ လူယုံ၊ အစွမ်းထက်တဲ့ လက်နက်၊
အရိပ်ကောင်းတဲ့ ညောင်သစ်ပင်လို အသုံးတော်ခံခဲ့တယ်။ ရက်ပေါင်း ၃၆၅
ရက်အတွင်းမှာ သူ့ မြို့တော်က စာကောင်းစာသန့် ၁၂၂ ပုဒ်
မွေးထုတ်ပေးခဲ့ပြီးပြီ။ ဒီစာတွေကြောင့် ဖတ်သူတွေအတွက် သုတပန်းတွေ
လန်းလာခဲ့တယ် ၊ ရသလမ်းတွေ ဆန်းလာခဲ့တယ် ၊ ပညာမီးတွေ လင်းပလာခဲ့တယ် ။
သူကတော့ သတိထားမိချင်မှ ထားမိလိမ့်မယ်။


ဘလော့ဂ်ဂါတွေ အတွက် ပထမဆုံးဆိုတဲ့ စကားလုံးတော်တော်များများမှာ သူနဲ့
လွတ်ကျခဲ့တဲ့မြို့တော်လည်း ရင်းနှီးကျွမ်းဝင်ခဲ့တယ်။
ဘလော့ဂ်ပို့စ်တွေကို ပထမဆုံး ပုံနှိပ်မယ့်စာအုပ်အတွက် တက်တက်ကြွကြွနဲ့ သူ
အစွမ်းကုန်ကြိုးစားခဲ့တယ်။ စာအုပ်ကိစ္စ ဆွေးနွေးပွဲတိုင်းကို
မပျက်မကွက်တက်ရောက်ခဲ့သူဟာလည်း သူ တစ်ဦးတည်း ရှိခဲ့တယ်။ နောက်ပြီး
ရန်ကုန်မှာ ပထမဆုံးကျင်းပခဲ့တဲ့ Blog Day Seminar အတွက်လည်း သူ
ပါဝင်ခဲ့တယ်။ MRTV4 နဲ့ အခြားသော မီဒီယာတွေအကြားမှာ ဘလော့ဂ်လောက
အကြောင်းကို သူချပြရဲခဲ့တယ်။ ဝေဖန်မှုတွေကို လက်ခံခဲ့တယ်။ မေးခွန်းတွေကို
အပြုံးနဲ့ ဖြေကြားပေးနိုင်ခဲ့တယ်။

မြန်မာဘလော့ဂ်ဂါရပ်ဝန်းမှာ ဓလေ့ထုံးတမ်းတစ်ခုရှိတာက ဘလော့ဂ်တစ်ခု
ဒါမှမဟုတ် ဘလော့ဂ်ဂါတစ်ယောက်ရဲ့ အထိမ်းအမှတ်နေ့တွေမှာ အထူးရေးသားတဲ့
ပို့စ်တွေ တင်တတ်ကြတယ်၊ သူငယ်ချင်းတွေက လာနှုတ်ဆက်ကြတယ်၊ Comment တွေ
ချီးမြှင့်ကြတယ်။

ဒီနေ့ သူ့ ရင်နဲ့ တည်ထားတဲ့ မြို့တော်ကြီး တစ်နှစ်ပြည့်တယ်။
ခုလိုအချိန်မှာ သူသာ လွတ်လွတ်လပ်လပ်ရေးသားခွင့်ရမယ်ဆိုရင်
သူ့ဘလော့ဂ်အတွက် အထိမ်းအမှတ်ပို့စ်တင်မယ့် အစီအစဉ်ရှိမယ်ဆိုတာ အသေအချာပဲ။
ဒါပေမယ့် သူ … ဘယ်မှာလဲ ။ သူရေးမယ့် ပို့စ်မှာ Comment ရေးဖို့
ဘလောဂါ့ရပ်ဝန်းက သူငယ်ချင်းတွေ သူ့ရဲ့ စာဖတ်ပရိသတ်တွေ မျှော်လင့်တကြီး
စောင့်နေကြတယ်။ " မြို့စားကြီး " လို့ စနောက်ကြဖို့ စောင့်နေကြတယ် …
ဇန်နဝါရီ ၂၉ ကတည်းက ခြောက်သွေ့နေခဲ့ရတဲ့ သူ့ မြို့တော်မှာ အပြုံးတွေနဲ့
ဖုံးလွှမ်းနေစေချင်တာ … ရယ်သံတွေနဲ့ စည်ညံနေစေချင်တာ … ဒါတွေအတွက်
အားလုံးက စောင့်မျှော်နေဆဲပါ ..။

ဘလော့ဂ်ဂါတွေကို ချစ်ကြည်စေချင်တဲ့ သူ့အတွက်၊ လူငယ်တွေကို
ကောင်းစေချင်တဲ့ သူ့ အတွက်၊ တိုင်းပြည်ကို တကယ်ချစ်တဲ့ သူ့ အတွက်
ဘေးဒုက္ခဆိုတာ မြူတစ်မှုန်စာတောင် ကျရောက်မလာစေဖို့ ဘလောဂါ့ရပ်ဝန်းမှ
ညီအကိုမောင်နှမအားလုံးက ဒီအမှတ်တရ ပို့စ်လေးနဲ့ ဆုတောင်းလိုက်ပါတယ်။

Read More...

GlossyBlue Blogger by Black Quanta. Theme & Icons by N.Design Studio
Entries RSS Comments RSS