tag:blogger.com,1999:blog-2675572609915200361.post-20041530736507401762008-03-10T01:11:00.005-04:002008-03-16T06:30:09.919-04:002008-03-16T06:30:09.919-04:00Dyslexia နှင့် မှတ်ဉာဏ်များအကြောင်း
ကျောင်းတိုင်းကျောင်းတိုင်း စာသင်ခန်းတိုင်း စာသင်ခန်းတိုင်းမှာ တော်တဲ့ ကျောင်းသားတွေ ရှိသလို မတော်တဲ့ ကျောင်းသားတွေ ညံ့တဲ့ကျောင်းသားတွေ လည်း ရှိတာ သဘာဝပါပဲ။ တော်တဲ့ကျောင်းသားတွေက ဉာဏ်ကောင်းလို့ ကြိုးစားလို့ စာတော်ကြတယ်။ မတော်တဲ့လူတွေကျပြန်တော့လည်း ပျင်းလို့ ဉာဏ်မကောင်းလို့ စာမကျက်လို့ ညံ့ကြတယ်။ ဒါကတော့ ပုံမှန် အချက်တွေပေါ့။ တော်တဲ့လူတွေကတော့ ကြိုးစားလို့တော်တာ ဉာဏ်ကောင်းလို့ တော်တာကို ငြင်းလို့မရပေမယ့် စာမတော်တဲ့ လူတွေကတော့ ဘာလို့စာမတော်ရတာလဲ။ ရုပ်ရှင်တွေ ၀တ္ထုတွေထဲကလို အိမ်ကဆင်းရဲတယ် စားဝတ်နေရေးအတွက် ရုန်းကန်နေရတော့ စာကျက်ချိန်မရလို့ စာညံ့တဲ့လူတွေရှိသလို တချို့ကျပြန်တော့လည်း စာကျက်ဖို့အတွက်ကို လုံးဝ အားမစိုက် ပျင်းရိနေတဲ့အတွက်နဲ့ ညံ့နေကြတာပါ။ ဘ၀အကျိုးပေး မကောင်းလို့ စာကျက်ဖို့အခွင့်မသာတဲ့ကျောင်းသားတွေရယ် ပင်ကိုယ်စိတ်က ပျင်းလို့စာမကျက်တဲ့အတွက် ညံ့ကြတဲ့ ကျောင်းသားတွေအတွက်ကတော့ စာဖက်ကို အားသန်လာအောင်လုပ်ရတာ သိပ်မခက်ခဲလှပါဘူး။ ဆင်းရဲပေမယ့် ကျောင်းနေရတဲ့ ကျောင်းသားတွေ အတွက်ကတော့ အချိန်တစ်ချိန်ကို မဖြစ်မနေသတ်မှတ်ပြီး စာကျက်ရင် တော်လာနိုင်ပါတယ်။ ဆင်းရဲတဲ့ အသိုင်းအ၀ိုင်းထဲကနေ ဂုဏ်ထူးတွေတသီကြီးနဲ့အောင်တဲ့ ကျောင်းသားတွေ အများကြီး ရှိပါတယ်။ အဲလိုပဲ စာကျက်ရမှာ ပျင်းတဲ့ ကျောင်းသားတွေ အတွက်ဆိုရင်လည်း သူတို့မပျင်းအောင် စာကိုစိတ်ဝင်စားအောင် လုပ်တဲ့ နည်းလမ်းတွေနဲ့သင်လို့ရပါတယ်။ ဒါပေမဲ့ အဲလို စာသင်တဲ့နေရာမှာ သူများတွေလိုမတတ်တဲ့နောက်ထပ်လူတစ်မျိုးကတော့ dyslexic လို့ခေါ်တဲ့ dyslexia ဖြစ်နေတဲ့လူတွေပါ။

Dyslexia ဆိုတဲ့ စာလုံး က ဂရိဘာသာစကားကနေဆင်းသက်လာတာပါ။
DYS = inadequate or poor
Lexis = language or word လို့အဓိပ္ပာယ်ရပါတယ်။

ဘာသာစကား သို့ စကားလုံးတွေနဲ့ ပတ်သက်ပြီး အားနည်းတာ၊ မမှတ်နိုင်တာပါ။ စာရေး စာဖတ် တွေကို သင်ယူရတဲ့နေရာမှာ အားနည်းတဲ့ရောဂါတစ်မျိုးပါ။ Dyslexia
ဖြစ်နေတဲ့လူတွေဟာ သာမန်လူတွေ စာတွေကို ဖတ်သလို ရေးသလို သူတို့က မဖတ်နိုင် မရေးနိုင်ပါဘူး။ အရေး အဖတ် အတွက် တွေမှာ အားနည်းနေတာပါ။ သူကတစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ပါဘူး။ တစ်ယောက်က စာဖတ်တဲ့နေရာမှာ အားနည်းပေမယ့် နောက်တစ်ယောက်ကတော့ သင်္ချာတွက်တဲ့နေရာမှာ အားနည်းနိုင်ပါတယ်။ Dyslexia ရောဂါသည်တွေက ညဏ်ထိုင်းတဲ့ လူတွေမဟုတ်ပေမယ့် သူတို့က သာမန် ညဏ် နဲ့လူတွေလိုတော့ မမှတ်နိုင်ပါဘူး။ ပြီးတော့ သူတို့ရဲ့မှတ်ပုံမှတ်နည်းတွေက သာမန်လူတွေရဲ့ မှတ်ပုံမှတ်နည်းတွေ နဲ့ မတူတော့ သူတို့တွေကို သာမန် လူတွေကို သင်တဲ့နည်းနဲ့သင်ပေးလို့မရပါဘူး။ သာမန်လူတွေကို သင်္ချာပုစ္ဆာတစ်ပုဒ်သင်ချိန် ၅ မိနစ်ကြာမယ်ဆိုရင် သူတို့အတွက်က ၁၀ မိနစ်လောက်ကြာနိုင်ပါတယ်။ အဲထက်လည်း ပိုကြာနိုင်ပါတယ်။

Dyslexia ရဲ့လက္ခဏာများ

Dyslexia ကရောဂါပင်မကြီးဖြစ်ပြီးတော့ သူ့အမျိုးအစားတွေက အများကြီးရှိတဲ့အတွက် သူ့ရဲ့ ရောဂါလက္ခဏာတွေကလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အသက်ငယ်တဲ့အချိန်မှာ စကားပြော သာမန်ထက်စာရင် အရမ်းနောက်ကျတာ၊ မိမိရဲ့ အိမ်လိပ်စာတို့ ဖုန်းနံပါတ်တို့ကို မမှတ်မိတာ၊ စာလုံးပေါင်း အမှန်မပေါင်းနိုင်တာ၊ ဘာသာရပ်တိုင်းလိုလို အမှတ်တွေတအားနည်းတာ၊ စာလုံးတွေ ဂဏန်းတွေကို အစီအစဉ်တကျစီတဲ့နေရာမှာ အခက်အခဲရှိတာ၊ အကြောင်းပြချက်တစ်စုံတစ်ရာမရှိပဲ အမြဲလိုလို ကျောင်းတက်ဖို့ကိုငြင်းဆန်နေတာ (ရိုးရိုးပျင်းခြင်းမျိုးမဟုတ်)၊ စာတစ်ပိုဒ် တစ်ပုဒ်ကို နားလည်ဖို့အကြိမ်ကြိမ်ဖတ်ရတာ။
ဒါတွေကတော့ dyslexia ရဲ့လက္ခဏာထဲက တချို့ပါ။ ဒီအချက်တွေကို ကြည့်ရင် သာမန် ပျင်းတဲ့လူတွေမှာလည်း တွေ့နိုင်တဲ့အချက်တွေနဲ့သွားတူနေပါတယ်။ အဲအချက်တွေနဲ့ ကိုက်ညီတိုင်း dyslexia ရှိတယ် လို့ပြောလို့မရသလို မရှိဘူး လို့လည်း ပြောလို့မရပါဘူး။ ဒီတော့ Dyslexia ရှိတယ်လို့သံသယဖြစ်နိုင်တဲ့လူကို ချက်ချင်း ရောဂါဖြစ်နေတယ်လို့ မှတ်ချက်မချပဲနဲ့ အချိန်အတိုင်းအတာတစ်ခုလောက်စောင့်ကြည့်သင့်ပါတယ်။

Dyslexia ရှိရင်ဘာလုပ်ရမလဲ။

Dyslexia ရှိတဲ့ လူကို အဓိကအနေနဲ့ စိတ်ဓာတ်မကျစေဖို့ အရေးကြီးပါတယ်။ သူတို့စိတ်ဓာတ်ကျသွားရင်တော့ ဘာနည်းလမ်းပဲဖြစ်ဖြစ် အသုံးမ၀င်နိုင်တောပါဘူး။ Dyslexia ဖြစ်နေတဲ့ ကလေးတွေရဲ့မိဘတွေအနေနဲ့ ဆရာမတွေနဲ့ တိုင်ပင်ပြီး ကလေးရဲ့အခြေအနေကိုဆန်းစစ်ကြည့်သင့်ပါတယ်။ အကောင်းဆုံးကတော့ ဆရာဝန်တွေနဲ့ ပြပြီး နည်းလမ်းရှာကြည့်ပါ။ Dyslexia ကအရမ်းကိုဆိုးဝါးလွန်းတဲ့ ရောဂါမဟုတ်ပါဘူး။ နည်းမှန်လမ်းမှန်နဲ့ သင်ပေးမယ် ဂရုတစိုက်နဲ့ စောင့်ကြည့်ပေးမယ်ဆိုရင် သာမန်လူတွေလို ဉာဏ်အားကောင်းမလာနိုင်ပေမယ့် စာမေးပွဲတွေကို ခါတိုင်းထက်စာရင် အများကြီးသာအောင်ဖြေလာနိုင်မှာပါ။

လောကမှာ ဉာဏ်ထိုင်းတဲ့လူမရှိပါဘူး။ ကိုယ့်ကိုယ်ကို ဉာဏ်မကောင်းဘူး ဆိုပြီး အားငယ်ပြီး မကြိုးစားပဲ မနေပါနဲ့။ စာတော်တဲ့လူနဲ့ စာညံ့တဲ့လူတွေမှာ ကြိုးစားတာ မကြိုးစားတာနဲ့ မှတ်ပုံမှတ်နည်းတွေကွာသွားတာပါ။ စာတော်တဲ့လူတွေကတော့ စာမတော်တဲ့လူတွေထက်ပိုကြိုးစားမယ် ဒါကတော့ ငြင်းစရာမရှိပါဘူး။ နောက်ပြီးသူတို့အနေနဲ့ မှတ်ပုံမှတ်နည်းတွေ မှန်တာဟာ တခြားလူတွေထက်တစ်ပန်းသာတာပါ။ တစ်နှစ်မှာ ဘယ်လမှာ ဘယ်နှစ်ရက်ရှိတာမှတ်တာကို ဥပမာအနေနဲ့ကြည့်မယ်ဆိုရင် တစ်လမှာ ဆယ့်နှစ်လရှိတဲ့အတွက်
ဘယ်လမှာ ဘယ်နှစ်ရက်ရှိလဲဆိုတာ မှတ်ရင် ဆယ့်နှစ်ခုတောင်မှတ်ရပါမယ်။ မှတ်တဲ့နေရာမှာလည်း အစီအစဉ်လွဲသွားရင်လည်း မှားနိုင်ပါတယ်။ မြန်မြန်နဲ့လည်း မမှတ်မိနိုင်ပါဘူး။ ဒါပေမဲ့
"ရက် ၃၀ မှာစက်တင်ဘာ ဧပြီ ဇွန်နဲ့ နိုဝင်ဘာ ကျန်သောလမှာ ၃၁ ဖေဖော်ဝါရီ ၂၈ ရက်ထပ်နှစ်မှာတစ်ရက်တိုး ဖေဖော်ဝါရီ ၂၉ " ဆိုတဲ့ ကျွန်မတို့အားလုံး ငယ်ငယ်တုန်းက ကျက်ခဲ့ရတဲ့ ဒီကဗျာနဲ့မှတ်ရင်တော့ မြန်မြန်နဲ့လွယ်လွယ်မှတ်မိသွားပါတယ်။ ငယ်ငယ်ကတည်းက ကျက်ခဲ့ရတဲ့ ကဗျာတိုလေးတစ်ပုဒ်ကြောင့် ဘယ်လမှာ ဘယ်နှစ်ရက်ရှိလဲဆိုတာကို အသက်တွေကြီးလာတဲ့အထိ ဘယ်အချိန် ဘယ်နေရာပဲရောက်ရောက် ဘယ်သူမှမမေ့တော့ပါဘူး။ (အတိတ်မေ့သွားတယ်ဆိုရင်တော့ တစ်မျိုးပေါ့ :P) လွယ်လွယ်နဲ့လည်း အစပြန်ဖော်နိုင်ပါတယ်။ အဲလိုပဲ ကျန်တဲ့ မှတ်ဖို့ ခက်ခဲတဲ့ အကြောင်းအရာတွေ၊ ရှည်လျားတဲ့ အချက်အလက်တွေကိုလည်း ဒီလိုနည်းနဲ့ မှတ်မယ်ဆိုရင်တော့ သာမန်ရိုးရိုးကျက်တာထက် ပိုလွယ်ပြီးတော့ မေ့ဖို့လည်း မလွယ်တော့ပါဘူး။

နောက်တစ်နည်းကတော့ စာကျက်တဲ့နေရာမှာ တစ်ခါတည်းနဲ့အများကြီးကို တစ်ခါတည်းအပြီးကျက်တာ ထက်စာရင် နည်းနည်းနဲ့ အကြိမ်များများကျက်သင့်ပါတယ်။ စာတစ်ပုဒ်ကို တစ်ကြိမ်တည်းနဲ့အပြီးကျက်မယ့်အစား ၂ ပိုင်း ၃ ပိုင်း ခွဲကျက်တာက ပိုမှတ်မိစေပါတယ်။ ပြီးတော့ စာမေးပွဲမရောက်ခင် အချိန်အတိုင်းအတာတစ်ခုအလိုကတည်းက ကျက်သင့်ပါတယ်။ စာမေးပွဲနီးမှ ကျက်တာမျိုးကို မလုပ်သင့်ပါဘူး။
လူတွေရဲ့ဦးနှောက်က အကြောင်းအရာတစ်ခုကို မှတ်မယ်ဆိုရင် အချိန်ယူရပါတယ်။ စစချင်း ဦးနှောက်ထဲကို အဲဒီအကြောင်းအရာကိုသွင်းလိုက်ရင် သူက ဦးနှောက်ရဲ့ အပေါ်ယံလေးမှာပဲ နေရာယူထားမှာပါ။ တဖြည်းဖြည်းကြာလာမှ ဦးနှောက်ထဲစိမ့်ဝင်သွားမှာပါ။ အဲတော့မှ စွဲစွဲမြဲမြဲမှတ်မိသွားတာပါ။ စာမေးပွဲဖြေခါနီးညကျမှ စာတွေအားလုံးကို တစ်ထိုင်တည်း ပထမဆုံးအနေနဲ့ကျက်ပြီး စာမေးပွဲခန်းလည်းရောက်ရော ဘာမှကိုစဉ်းစားလို့မရဖြစ်တာဟာ အဲဒီစာတွေက ဦးနှောက်ထဲကို မရောက်သေးလို့ပါ။ ရှင်းရှင်းပြောရရင်တော့ ဦးနှောက်ထဲကို အဲဒီစာတွေက အပြည့်အ၀မ၀င် သေးပါဘူး။ အဲဒါကြောင့် စာကျက်ရင် ကိုယ်တကယ်ဖြေရမယ့် အချိန်နဲ့ အတိုင်းအတာတစ်ခု(ဦးနှောက်က စုပ်ယူဖို့ အချိန်) လောက် အကွာကတည်းက ကျက်သင့်ပါတယ်။

ကျက်ပြီးသားတွေကိုလည်း မကြာခဏပြန်နွေးပေးရပါမယ်။ ဒါကတော့ ဆရာမတွေ မိဘတွေ အမြဲပြောနေတဲ့စကားပါ။ အဆန်းတော့မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ အဲဒီပြန်နွေးတာကတော့ အရမ်းကို အသုံးဝင်ပါတယ်။ ကျက်ပြီးသားစာတွေကို ဦးနှောက်ကနေ စုပ်ယူသွားပြီးလို့ရှိရင် သူတို့က ဦးနှောက်ရဲ့ အတွင်းဆုံးအပိုင်း ( long term memory ) ထဲကိုဝင်သွားပါတယ်။ အဲဒီအပိုင်းကို ရောက်သွားတဲ့ အကြောင်းအရာတွေက အချိန်အတိုအတွင်း ပြန်ဖော်ဖို့ခဲယဉ်းပါတယ်။ အဲတော့ စာတွေကို နွေးနေရင် စာတွေက ဦးနှောက်ထဲကနေ အမြန်ပြန်ထုတ်နိုင် အစဖော်နိုင်တဲ့ နေရာမှာပဲရှိနေတော့ ကိုယ်ပြန်ထုတ်သုံးချင်တဲ့အချိန် မှာအလွယ်တကူနဲ့ အစပြန်ဖော်နိုင်ပြီး ရှင်းရှင်းလင်းလင်း ပြန်ပေါ်လာမှာပါ။

စာမေးပွဲဖြေတဲ့အခါကျရင် ကိုယ်က ဘယ်လောက်မှတ်မိလဲဆိုတာထက် အဖြေလွှာစာရွက်ပေါ်မှာ ကိုယ်က ဘယ်လောက်ချရေးနိုင်လဲဆိုတာပေါ်မှာမူတည်ပြီးမှ အမှတ်ရမှာပါ။

ကိုယ့်ပတ်ဝန်းကျင်က ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေထဲမှာ စာညံ့တဲ့လူ စာဖက်မှာအားနည်းတဲ့လူတွေကိုတွေ့ရင် အပြစ်တင်တာတို့ နှိမ်တာတို့မလုပ်ပဲနဲ့ သူညံ့ရတဲ့အကြောင်းအရင်း (ဥပမာ။ ။ ဆရာမအခြေအနေ၊ ကျောင်းအခြေအနေ၊ စာထဲစိတ်ဝင်စားမှု) တွေကို ဆန်းစစ်ပြီး သူ့ကို စာဖက်မှာအားသာလာအောင် ဖေးမကူညီပါ။ အကယ်၍များ သူ့မှာ dyslexia လို့ခေါ်တဲ့ မှတ်ဉာဏ်အားချို့ယွင်းတဲ့ ရောဂါဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်တွေနဲ့တိုင်ပင်ပြသပေးပါ။ အားမငယ်အောင်လည်း အားပေးပါ။

ကိုယ့်ကိုယ်ကို ဉာဏ်မကောင်းဘူး စာမကျက်နိုင် မမှတ်နိုင်ဘူးဆိုပြီး အားငယ်နေမယ့်အစား တခြားနည်းလမ်း အထက်ကနည်းလမ်းတွေအပြင် နောက်ထပ် အသုံးဝင်နိုင်မယ့် နည်းတွေကို သုံးပြီး စာကျက်ကြည့်ပါ။ ကိုယ့်အတွက် ဒီတစ်နည်းနဲ့ အဆင်မပြေပေမယ့် တခြားနည်းနဲ့တော့ အဆင်မပြေဘူးလို့ပြောလို့မရပါဘူး။ တဖြည်းဖြည်းနဲ့တော့ ကိုယ်နဲ့အံဝင်ခွင်ကျဖြစ်မယ့် နည်းလမ်းကိုရှာတွေ့ပြီး စာကျက်တဲ့နေရာမှာ အဆင်ပြေလာမှာပါ။
Winkabarhttp://www.blogger.com/profile/06567001271257945241noreply@blogger.com11