Winkabar
A lot of my thoughts...အချစ်ဆိုတာ
- Posted: 9:05:00 PM
- |
- Author: Winkabar
- |
- Filed under: tag
အချစ်ဆိုတာ ခံစားချက်ကိုပြင်းထန်စေတဲ့ အရာတစ်ခုပါ။ လူတွေဟာ အချစ်ကိုစစချင်းတွေ့ရှိသွားတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်ခံစားမှုအားလုံးကို အချစ်အပေါ်မှာပုံအပ်လိုက်ကြတယ်။ အချစ်က ပျော်စရာပေးရင် အစွမ်းကုန်ပျော်လိုက်တယ်။ အချစ်က ဝမ်းနည်းစရာတွေပေးလာပြန်ရင်လည်း အစွမ်းကုန်ဝမ်းနည်းလိုက်ကြတယ်။ အချစ်ကိုဦးစားပေးထားတဲ့ဒီလိုအချိန်မှာ ဘေးပတ်ဝန်းကျင်က ဘယ်လိုစကားတွေပဲပြောပြော ဘယ်လိုသတိပေးချက်တွေကိုပဲဆိုဆို လျစ်လျူရှူထားခဲ့ကြတယ်။ အချစ်က ကိုယ့်ကို လိမ်နေတာကို သိနေရင်တောင်မှ အမှန်တရားကို ဖုံးကွယ်ပြီး မုသားစကားတွေ အမှန်လို့တထစ်ချယုံကြည်ပြီးတော့ အချစ်ခေါ်ရာနောက်ကို တကောက်ကောက်ပါအောင်လိုက်လာခဲ့ကြတယ်။ ကိုယ်ရတဲ့အချစ်က အစစ် ဟုတ်လားမဟုတ်လားဆိုတာကို ဆန်းစစ်မှုမရှိပဲနဲ့ပေါ့။ အဲဒါကြောင့်လူတွေကပြောကြတယ် အချစ်မှာမျက်စိမရှိဘူးတဲ့။ ကံကောင်းတဲ့လူတွေကျတော့ အဲဒီလိုအချစ်က သူ့တို့အတွက် တစ်သက်တာအတွက် တကယ့်အချစ်စစ်ဖြစ်သွားပြီးတော့ တစ်ဘဝလုံးအားကိုးစရာဖြစ်သွားကြတယ်။ တစ်သက်လုံးအချစ်ကြောင့်ပျော်ရွှင်သွားကြရတယ်။ ကံမကောင်းတဲ့လူတွေကျပြန်တော့ သူတို့အဲဒီလို ယုံယုံကြည်ကြည်နဲ့ မျက်စိစုံမှိတ်ပြီးလိုက်လာတဲ့ခဲ့တဲ့အဲဒီအချစ်က တကယ့်အစစ်မဟုတ်ဘူးဆိုတာကို လမ်းရဲ့တစ်နေရာကိုရောက်တော့မှ သိလာကြတယ်။ အဲဒီလိုလည်းသိလာရော သူတို့ရဲ့ မျက်စိတွေပွင့်သွားတာပေါ့။ အမြင်တွေရှင်းသွားတော့ ရှေ့ဆက်ဖို့လမ်းကိုကြည့်လိုက်တော့ အဲဒီလမ်းက အပိတ်ခံလိုက်ရတာကိုတွေ့လိုက်ရတယ်။ ဒါနဲ့ပဲ မထူးပါဘူး။ နောက်ပြန်လှည့်မယ်ဆိုပြီးလှည့်လည်းကြည့်လိုက်ရော သူလာခဲ့တဲ့လမ်းက တော်တော် ခရီးရောက်နေပြီဆိုတာကိုတွေ့လိုက်ရတယ်။ အလာတုန်းကလည်း ဂရုမစိုက်မိပဲနဲ့ သူများလမ်းပြတဲ့နောက်ကိုလိုက်လာခဲ့တာဆိုတော့ အပြန်လမ်းကိုမမှတ်မိကြတော့ဘူး။ ဒီလိုနဲ့ပဲ ငါသူ့ကို ဘယ်လိုလုပ်များချစ်မိသွားပါလိမ့်။ ငါဘယ်လိုများဖြစ်ရတာပါလိမ့်။ ဒီလမ်းကို ငါဘာလို့များရွေးချယ်ခဲ့တာပါလဲ။ ဆိုတဲ့ မေးခွန်းတွေထွက်လာတော့တာပေါ့။ အဲလိုနဲ့ပဲ ရှေ့ဆက်လည်းတိုးလို့မရ၊ နောက်လည်းဆုတ်လို့မရတော့ပဲ လမ်းတစ်ဝက်မှာ ပိတ်မိနေတယ်။ ကိုယ်က ယုံကြည်ပြီး လျှောက်ခဲ့တဲ့လမ်းက တကယ့်တကယ် မရှိမှန်းလည်းသိလိုက်ရရော မျှော်လင့်ချက်တွေအားလုံးရိုက်ချိုးခံလိုက်ရသလိုဖြစ်သွားတယ်။ တော်ရုံတန်ရုံရှေ့ဆက်ဖို့အတွက် စဉ်းစားလို့မရကြတော့ဘူး။ အမြင်တွေဝေဝါးပြီး လမ်းပျောက်ကုန်ကြတယ်။ အဲဒီလိုခံစားရတာကို လူတွေက အသည်းကွဲတယ်လို့ တင်စားကြတယ်။ အသည်းကွဲတဲ့လူတွေထဲက တချို့က အချိန်အတိုင်းအတာတစ်ခုကြာလာတော့ အားစိုက်ပြီး ရှေ့ဆက်ဖို့လမ်းတစ်လမ်းကိုဖောက်လိုက်ကြတယ်။ ဒီအဖြစ်အပျက်ဆိုးကြီးကိုနောက်မှာထားခဲ့ပြီး ရှေ့ဆက်သွားဖို့ပေါ့။ တချို့ကျပြန်တော့လည်း ဘာကိုမှအားစိုက်ဖို့မစဉ်းစားကြတော့ပဲနဲ့ အချစ်ကပေးတာဆိုရင် ဒဏ်ရာပဲဖြစ်စေဦးတော့ သိမ်းထားမယ်ဆိုပြီး တစ်သက်လုံးအဲဒီဒဏ်ရာကိုမကုချင်တော့ သူပိတ်မိနေတဲ့လမ်းမှာပဲထိုင်နေကြရော။ ဒဏ်ရာကိုကြိုးစားကုပြီး လမ်းအသစ်ကို လျှောက်ကြတဲ့လူတွေအတွက် အပေါ်ယံကြည့်ရင်တော့သူ့စိတ်ထဲမှာ ဘာခံစားချက်မှမရှိတော့ဘူးပေါ့။ ဒါပေမဲ့ စိတ်ဒဏ်ရာဆိုတာ အချိန်တွေဘယ်လောက်ပဲကြာကြာ လုံးဝပျောက်သွားတာမျိုးမဟုတ်ပဲမသိစိတ်ရဲ့တစ်နေရာမှာ တပိုင်းတစလောက်ကျန်ခဲ့တတ်တာမျိုးဆိုတော့ သူ့အတွက်ရခဲ့တဲ့ အသည်းကွဲတယ်ဆိုတဲ့ ဒဏ်ရာက အစလေးနည်းနည်းကျန်နေခဲ့တာပေါ့။ ဒါကို သူရဲ့သိစိတ်က မသိနိုင်အောင် ဘယ်လောက်ပဲဖုံးထားဖုံးထား သူ့ရဲ့ မသိစိတ်ထဲမှာ ထင်ရှားနေတာဆိုတော့ အချစ်ဆိုတဲ့အရာကို အဲဒီလူက ကြောက်နေတတ်တယ်။ အချစ်နဲ့ထပ်တွေ့ရမှာ ဒီလိုဝေဒနာမျိုးထပ်ပြီးခံစားရမှာကို အလိုလိုနေရင်းကြောက်နေတတ်တယ်။ အဲဒါနဲ့ပဲ သူက သူ့ကိုလာပြီးပေးကြတဲ့နောက်ထပ်အချစ်အသစ်တွေကို သူအသည်းကွဲမခံချင်တော့တဲ့အတွက် လျစ်လျူရှူထားလိုက်တယ်။ ဒါပေမဲ့ အဲဒီလူမသိလိုက်တာက သူ့အသည်းမကွဲချင်လို့ရှောင်လိုက်တာကြောင့် သူများတွေရဲ့အသည်းတွေကို သူမသိမသာနဲ့ခွဲလိုက်မိတယ်ဆိုတာကိုပဲ။ အသည်းကွဲသွားပြီး အချစ်အသစ်ထပ်မရှာချင်ကြတဲ့လူတွေထဲမှာ တချို့ကျတော့ တစ်သက်လုံးအိမ်ထောင်မပြုပဲ တစ်ယောက်တည်းပဲနေသွားကြတယ်။ တချို့ကျပြန်တော့လည်း တစ်သက်လုံးတစ်ယောက်တည်းမနေချင်တာနဲ့ အချစ်မရလည်း အဖော်ရအောင်လို့ အိမ်ထောင်ပြုလိုက်ကြတယ်။ သူတို့သားသမီးတွေရလာတဲ့အခါကျတော့ သူတို့ရဲ့ သားတွေသမီးတွေကို သူတို့ခံခဲ့ရသလို မခံစားစေချင်ကြဘူး။ ဒါနဲ့ပဲ အဲဒီသားသမီးတွေ အရွယ်ရောက်လာတဲ့အခါ သားသမီးတွေကို ထိခိုက်မှာစိုးတဲ့ဆန္ဒကြောင့် လိုအပ်တာထက်ပိုပြီးတော့ ချုယ်ချယ် တားမြစ်ကြတယ်။ ယောက်ျားလေးသူငယ်ချင်းမထားရဘူးတို့ မိဘမပါပဲအပြင်သွားမလည်ရဘူးတို့။ အဲဒီလိုတားမြစ်ခံရတဲ့သားသမီးတွေရဲ့ စိတ်ထဲမှာ ငါတို့ကိုမိဘတွေက တအားချုယ်ချယ်တယ် ယုံလည်းမယုံကြည်ကြဘူး။ အဲလောက်တောင် မယုံတာ ငါတို့ကလည်း လုပ်ပြဦးမယ်ဆိုတဲ့အတွေးမျိုးတွေ စိတ်ထဲကနေ မသိမသာပေါ်လာတတ်တယ်။ ဒီလိုနဲ့ပဲ မိဘရှေ့ကျတော့ စကားနားထောင်ပြီးတော့ ကွယ်ရာကျတော့ တားမြစ်ထားတဲ့ ကိစ္စမှန်သမျှကို လုပ်လာကြတယ်။ ဒီလိုနဲ့ပဲ သူတို့မိဘတွေ စိတ်ပူတဲ့ ကိစ္စတွေလည်းဖြစ်လာရော မိဘစကားကို နားမထောင်မိပဲ ငါတို့လုပ်မိတာ မှားပြီဆိုပြီး နောင်တရကြသွားကြရော။ အဲ အဆင်ပြေသွားတဲ့ သားသမီးတွေကျပြန်တော့ အချိန်တန်လို့ မိဘတွေကို ဖွင့်ပြောပြတဲ့အချိန်မှာ မိဘတွေက အပြင်းအထန်ကန့်ကွက်ကြတယ်။ သူတို့သားသမီးကို သူတို့ သဘောတူတဲ့လူနဲ့ပဲ ယူစေချင်တာကိုး။ သားသမီးတွေဖက်ကလည်း မိဘပေးစားတာကိုမလိုချင်၊ မိဘတွေကလည်း သူတို့သဘောတူတဲ့လူနဲ့ပဲ ယူစေချင်.. အဲဒီလိုနဲ့ ခိုးပြေးကြတယ်။ ဒီလိုနဲ့ ပဲသံသရာလည်နေရာ။ တကယ်တော့ အချစ်ဆိုတာ ဘဝရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းမဟုတ်ပေမဲ့ အရေးကြီးတဲ့ ကဏ္ဍတစ်ခုကနေ နေရာယူထားတဲ့အရာတစ်ခုပါပဲ။ မခွန်မြလှိုင် tag ထားတဲ့ အချစ်ဆိုတာပါ။ အချစ်ဆိုတဲ့ အဓိပ္ပာယ်ရဲ့ တစ်ပိုင်းတစ်စပေါ့။ အချစ်ဆိုတဲ့အရာကို ပြောရင် ပြောလို့မကုန်နိုင်ဘူးတဲ့။ အဲတော့ ဒီအချစ်အကြောင်းကို ဆက်ပြောဖို့ နောက်နှစ်ယောက်ကို ထပ် tag ချင်ပါတယ်။ သူတို့ကတော့ ပျောက်နေတာကြာပြီ။ tag လိုက်ရင်တော့ ထွက်လာမယ်ထင်ရတာပဲ။ မေပျို နဲ့ နှံကောင် တို့ပါ။ ကဲ tag လိုက်ပြီ။ အားတဲ့အခါ ရေးပေးပေါ့နော်။
လက်တွဲဖော်
- Posted: 5:07:00 AM
- |
- Author: Winkabar
- |
- Filed under: tag
Tag ပြီဆိုမှတော့ ရေးရပြီ။ အချိန်ကြာသွားတာကိုတော့ စိတ်မဆိုးပါဘူးနော်။
လူတိုင်းဟာ ဘ၀အတွက် လက်တွဲဖော်ဆိုတာလိုအပ်ကြတယ်။ ငယ်ရွယ်စဉ်အချိန်မှာ မိသားစုနဲ့နေကြပေမယ့် ကြီးလာတဲ့အခါ သူ့လမ်းကို သွား ကိုယ့်လမ်းကိုသွားဆိုတဲ့ အချိန်ကျရင် ကိုယ့်ရဲ့ဘေးနားမှာ ကိုယ်နဲ့ တစ်ဘ၀လုံးလက်တွဲသွားမယ့် သူတစ်ယောက်လိုအပ်လာပါပြီ။ အဲလိုမျိုးလက်တွဲသွားဖို့လူတစ်ယောက်ဟာ ကိုယ့်ရဲ့ တစ်ဘ၀လုံးနဲ့သက်ဆိုင်နေပါတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု ကံကောင်းမှု ကံဆိုးမှု အားလုံးဟာ ကိုယ်ရွေးချယ်လိုက်တဲ့ အဲဒီလက်တွဲဖော်အပေါ်မှာ မူတည်သွားပါတယ်။ အဲလိုမျိုးတစ်ဘ၀လုံးလက်တွဲသွားရမယ့် လက်တွဲဖော်တစ်ယောက်ကိုရွေးချယ်တဲ့အခါမှာ ကျွန်မအတွက်တော့ ဒီလိုအချက်တွေနဲ့ ရွေးချယ်မယ်လို့စဉ်းစားထားပါတယ်။ စိတ်ကူးထဲက လက်တွဲဖော်ပေါ့။
ပထမဆုံးအနေနဲ့ကတော့ ကိုယ့်အပေါ်မှာ နားလည်မှုပေးနိုင်တဲ့လူမျိုးဖြစ်ရပါမယ်။ နားလည်မှုပေးနိုင်ပြီး စကားပြောရင်အပေါက်အလမ်းတည့်မယ် အတိုင်အဖောက်လည်းညီတဲ့လူမျိုးပေါ့။ ကိုယ်က တစ်ခွန်းပြောတိုင်း တစ်ခွန်းအထအနကောက်နေတဲ့လူမျိုးဆို တအားမုန်းပါတယ်။ ဒီတော့ ကိုယ်နဲ့ တစ်ဘ၀လုံးလက်တွဲသွားရမယ့် သူက ကျွန်မနဲ့ အများအားဖြင့် နေရာတကာမှာ သဘောထားချင်းမတိုက်ဆိုင်သော်လည်း ကိုယ့်အမြင်သူ့အမြင်ကို ပွင့်ပွင့်လင်းလင်းနဲ့ တိုင်ပင်လို့ကောင်းမယ့် လူတစ်ယောက်ဖြစ်ရပါမယ်။
ဘာသာရေးအနေနဲ့ကတော့ ကိုယ့်နဲ့ဘာသာတူတဲ့လူတစ်ယောက်ဖြစ်ရမယ်လို့တော့ စဉ်းစားထားပါတယ်။ ကိုးကွယ်တဲ့ဘာသာတူမှလည်း အမြင်တွေ အလုပ်အကိုင် အတွေးခေါ်တူမယ်။ ပြီးတော့လည်း ဘာသာတူတဲ့လူမှလည်း မိဘတွေက သဘောတူမှာပါ။ ငယ်ငယ်ကတည်းက မိဘတွေက ဘာသာမတူတဲ့လူတွေရဲ့ အိမ်ထောင်ရေးတွေကို ဥပမာပြပြီး ဘာသာမတူရင် ကိုယ်ပဲဒုက္ခရောက်မယ်ဆိုပြီးဆုံးမလေ့ရှိပါတယ်။ ဘာသာမတူပဲနဲ့ အဆင်ပြေနေကြတဲ့ အိမ်ထောင်ရေးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ငယ်ငယ်ကတည်းက မိဘတွေကအမြဲပြောပြေနေတဲ့ ဘာသာရေးမတူရင် သူ့အသိုင်းအ၀ိုင်း ကိုယ့်အသိုင်းအ၀ိုင်း ၀ိုင်ဆန့်ဖို့ခက်တယ်။ နှစ်ဖက်ညှိရတာ အဆင်မပြေဘူး။ ဘာသာရေးတူတဲ့ အိမ်ထောင်တွေထက်စာရင် ပိုပြီးခက်ခဲတယ်ဆိုတဲ့ အယူအဆတွေက ခေါင်းထဲမှိာ စွဲနေတော့ ကြီးလာလို့ အိမ်ထောင်ပြုရင် ဘာသာတူတဲ့လူကိုပဲရွေးမယ်လို့ စဉ်းစားထားပါတယ်။
အသက်အရွယ်ပိုင်းကျတော့ ကိုယ့်ထက်ငယ်တဲ့လူမဟုတ်ပဲ ကိုယ်နဲ့ ရွယ်တူ မဟုတ်ရင် ၄ ၅ နှစ်လောက် ကြီးတဲ့လူတစ်ယောက်ဖြစ်ရပါမယ်။ ကိုယ်နဲ့ အသက်က မတိမ်းမယိမ်းဆိုရင် လောကကြီးအပေါ်အမြင်တွေ ခေတ်ကာလ အတွေးအခေါ်တွေက ယေဘုယျအားဖြင့်တူနိုင်တယ်လေ။ အဲတော့ ညှိနှိုင်းရတာ ပိုပြီးတော့ အဆင်ပြေမလားလို့။ ငယ်တဲ့လူမဖြစ်ရဘူးဆိုတာကတော့ ကျွန်မအနေနဲ့ကိုယ့်ထက်ငယ်တဲ့ယောက်ျားတစ်ယောက်ကို ဘယ်လိုမှ လက်တွဲဖော်အဖြစ်ပုံဖော်ကြည့်လို့မရလို့ပါ။ ဒါကလည်း အစွဲအလန်းတစ်မျိုးပဲထင်တယ်နော်။
ပညာရေးမှာကတော့ အတိုင်းအတာတစ်ခုအထိကျောင်းပြီးထားတဲ့လူတစ်ယောက်ပေါ့။ ဘွဲ့ပါရထားရင်တော့ အကောင်းဆုံးပေါ့။ ဒါမှလည်း မိသားစုတစ်ခုလုံးရဲ့ စားဝတ်နေရေးကို တာဝန်ယူနိုင်မှာလေ။ :D
ရုပ်ရည်အတွက်ကျတော့ အရမ်းကြီး ရုပ်ဆိုးတဲ့လူတစ်ယောက်မဟုတ်ရင် ကျေနပ်ပါပြီ။ အပေါ်ယံကိုကြည့်ပြီး ဆုံးဖြတ်တာမျိုးမဟုတ်ပေမယ့် သာမန်ရုပ်ရည်မျိုးရှိတဲ့လူမျိုးကိုတော့ လိုချင်ပါတယ်။
အသောက်အစားကတော့ လုံးဝကင်းရှင်းတဲ့လူဆိုတာတော့ မရှိဘူးထင်တယ်။ အဓိကကတော့ ဆေးလိပ်သောက်တဲ့လူမဖြစ်ရပါဘူး။ အသောက်အစားကျတော့ ဘာသာတူတဲ့လူကို ရွေးမယ်ဆိုရင်တော့ အရက်ကတော့ သောက်မှာမဟုတ်ဘူး။ ကျန်တာကတော့ အလွန်အကျူးမဟုတ်ဘူး၊ ပြောလို့တားလို့ရမယ့် အနေအထားမျိုးဆိုရင် တော်ပါပြီ။
နောက်ဆုံးအနေနဲ့ကတော့ အိမ်ထောင်တစ်ခုလုံးကို ဦးဆောင်ရမယ့် ယောက်ျားလေးတစ်ယောက်အနေနဲ့ အရာအားလုံးမဟုတ်ရင်တောင် ကိစ္စတော်တော်များများမှာ တာဝန်ယူဦးဆောင်နိုင်တဲ့လူတစ်ယောက်ဖြစ်ရပါမယ်။
နေရာတကာ သူ့ကိုပဲ လုပ်ခိုင်းတာမျိုးမဟုတ်ပေမယ့် နေရာတော်တော် များများ မှာ တာဝန်ယူနိုင်တဲ့ယောက်ျား မျိုးကိုတော့လိုချင်ပါတယ်။ ဒါမှလည်းကိုယ်တိုင် နေရာတကာ မဦးဆောင်ရမှာလေ။ :P
ဒါတွေကတော့ ကျွန်မရဲ့ စိတ်ကူးထဲက လက်တွဲဖော်ရဲ့ ပုံစံပေါ့။ ဒါမျိုးလူနဲ့ ဖူးစာပါမယ် မပါဘူးဆိုတာကတော့ ကံပဲ။
စိတ်ကူးကတော့ ယဉ်လိုက်ပြီ။
Tag ထားတဲ့ မဆုဝေ နဲ့ မဆိုးဝှက် တို့လည်း ကျေနပ်ကြမှာပါနော်။
ဆောင်းမနက်ခင်းတစ်ခုဝယ်....
- Posted: 4:15:00 PM
- |
- Author: Winkabar
- |
- Filed under: tag
အေးချမ်းလှတဲ့မနက်ခင်းတစ်ခုမှာလေပြည်တစ်ချက်တိုးဝှေ့တာကိုခံလိုက်ရတော့ ရုတ်တရက်နိုးထလာမိတယ်။
ပြတင်းပေါက်အပြင်ဘက်ကိုကြည့်တော့မြေပြင်တစ်ခုလုံးနှင်းတွေဖုံးလွှမ်းထားတာကိုတွေ့လိုက်ရတယ်။
တစ်ညလုံးကျထားတဲ့ပုံပဲ။ ညကဘယ်အချိန်အိပ်ပျော်သွားတာပါလိမ့်။ နှင်းဒီလောက်ကျတာတောင်မသိလိုက်ဘူး။
အခုတလော အိပ်မပျော်တာတော်တော်ကြာနေပြီ။ မနေ့ကကျတော့ နှစ်နှစ်ခြိုက်ခြိုက်ပါလား။နှင်းတွေကြောင့်ထင်တယ်။
အခုလိုအားအင်ပြည့်နေတာမျိုးမခံရတာတောင်ကြာပြီ။ ခဏနေရင်အပြင်ထွက်ပြီး ဟိုဟိုဒီဒီလမ်းထွက်လျှောက်ဦးမှပဲ။
......................
အပြင်ထွက်တော့ချမ်းအေးလွန်းလှတဲ့လေရယ် တစ်ပွင့်ချင်းကျနေတဲ့နှင်းတွေရယ်က မျက်နှာကို အပြိုင်အဆိုင်လာရိုက်ခတ်
နေကြတယ်။အကွေ့တစ်ကွေ့ရောက်တော့လေငြိမ်သွားတယ်။လျှောက်ရင်းလျှောက်ရင်းနဲ့ဦးလေးရဲ့ အိမ်ရှေ့ကိုရောက်
လာတယ်။ သူ့ခွေးကအိမ်အပြင်ရောက်နေပါလား။ခါတိုင်းအမြဲအထဲမှာပဲထားတာကို။ ကြည့်လိုက်တော့ခွေးကနှင်းတွေကြားမှာ
ခုန်ပေါက်နေတာပါလား။ သြော်.. ဒါကြောင့်ကိုး။ခွေးလေးကနှင်းထဲမှာမြူးထူးနေတာကိုတော်တော်ကြာကြာရပ်ကြည့်နေမိတယ်။
ခဏလောက်ကြာတော့ခွေးပိုင်ရှင်ကထွက်လာတယ်။ သူ့ခွေးကိုခွေးစာအပြည့်ထည့်ထားတဲ့ပန်းကန်ကိုလာချပေးတယ်။
သူ့ခွေးကအစားစားနေတုန်း ဦးလေးကိုနှုတ်ဆက်ဖို့ ကျွန်မ ဦးလေးရှိရာဆီသို့လျှောက်သွားလိုက်တယ်။ အဲဒီခွေးကလူစိမ်းတွေ
ဆိုသိပ်ကြည်တာမဟုတ်ဘူး။ အခြေအနေပေးတုန်းမြန်မြန်သွားလိုက်တယ်။ ဦးလေးနားလည်းရောက်ရော ခွေးကခေါင်းထောင်လာပြီး
ဟောင်ပါလေရော။ အဲတော့ဦးလေးကသူ့ကိုငြိမ်ငြိမ်နေဆိုပြီးအော်နေတယ်။ နှုတ်ဆက်ပြီးပြီဆိုတော့ ကျွန်မလည်းမြန်မြန်ပြန်လှည့်
လာတယ်။ ခွေးရန်ကလည်းမနည်းဘူးမလား။ ခဏလေးပဲသွားရသေးတယ် ၀ုတ်ဝုတ်ဝုတ်ဝုတ် နဲ့ဟောင်ပြီးလိုက်ပါလေရော။
ကံဆိုးချင်တော့ သူ့ကိုလည်ပင်းမှာကြိုးမတပ်ထားတော့ ဦးလေးလည်းမနိုင်တော့ဘူး။ ခွေးလိုက်ရင်မပြေးနဲ့လို့ပြောထားလို့
အားကုန်စိုက်ပြီးလမ်းကိုခပ်မြန်မြန်လျှောက်ပေမယ့်လည်း ခွေးကကျွန်မရဲ့လက်ကိုလှမ်းကိုက်လိုက်တယ်။ အနာက တစစ်စစ် နဲ့နာလာတယ်။ ကိုက်လည်းကိုက်ပြီးရောခွေးကငြိမ်ကျသွားတယ်။ အဲတော့မှဦးလေးလည်းသူ့ကို
ကြိုးတပ်ပြီးအိမ်ထဲပြန်ထည့်ထားလိုက်တယ်။ ပြီးတော့အိမ်ကိုပြန်ပို့ပေးတယ်။ ခွေးကသေသေချာချာမွေးထားလို့
မပူပါနဲ့တဲ့ ခွေးရှုးကာကွယ်ဆေးထိုးစရာမလိုပါဘူးတဲ့။ တော်သေးတာပေါ့။ ဆေးမထိုးရလို့။ အိမ်ရှေ့ထိလိုက်ပို့ပြီးတော့
ဦးလေးကပြန်သွားတယ်။ အိမ်ပြန်ရောက်တော့ အမေတို့ကဘာဖြစ်တာလဲတဲ့။ ခွေးကိုက်တာဆိုတော့ အဖေက လက်ကို
ဆားသိပ်ပေးတယ်။ ဟယ်.... ခွေးကိုက်ရင်ဆားသိပ်ရတယ်လို့ မကြားဖူးပါဘူးလို့ပြောတော့။ တိတ်တိတ်နေတဲ့ နင်ဘာသိလို့လဲ
အဲလိုမျိုးဆိုရင် အနာသက်သာတယ်တဲ့။ ပြီးရောလေဒါဆိုလည်းဆိုပြီး ငြိမ်ငြိမ်လေးထိုင်ခံနေရင်းနဲ့ အနာကိုဆားထိတော့
တစစ်စစ်နဲ့ စပ်လွန်းလို့ မျက်စိမှိတ်သွားတယ်။ ဖွင့်ကြည့်လိုက်တော့.........
သြော်.. လက်စသတ်တော့အိပ်မက်မက်နေတာကိုး။ နိုးလာတော့လက်ကတစစ်စစ်နဲ့ ကျင်နေလေရဲ့။
အစ်မလေးမ tag ထားတဲ့ဆောင်းအိပ်မက်အကြောင်းပါ။
ကျွန်မ နဲ့ ဤဘလော့
- Posted: 8:15:00 PM
- |
- Author: Winkabar
- |
- Filed under: tag
ဟိုးအရင်တုန်းက ဘလော့မရေးခင်တုန်းက ဖိုရမ်တွေဝင်ဖတ်ဖြစ်တာများပါတယ်။
YAMC တို့ မြန်မာတီးရှော့တို့ပေါ့။ YAMC ကတော့အမြဲရောက်ဖြစ်ပါတယ်။ တီးရှော့ကတော့ တစ်ခါတစ်လေမှသွားဖြစ်တာပါ။ တစ်ရက်ကျတော့ တီးရှော့ကိုရောက်တော့ ဘလော့အကြောင်း
ပြောနေကြတယ်။ ဘလော့ကိုဘယ်လိုလုပ်ရမလဲ။ ဘလော့လုပ်ရင်ဘာတွေလိုလဲဆိုတာပြောနေကြတော့
ဝင်ဖတ်ဖြစ်ပြီး သူတို့ပြောသလိုစမ်းလုပ်ကြည့်လိုက်တယ်။ ဘာမှတော့အခက်အခဲမရှိခဲ့ပါဘူး။
ဘလော့စလုပ်ပြီးတော့မှ ဘလော့တွေကိုစဖတ်ဖြစ်ပါတယ်။ စစချင်းဖတ်ဖြစ်တာက အစ်မညလေးဘလော့ပါ။သူက တီးရှော့မှာဘလော့ကိုကောင်မလေးပုံလေးနဲ့ကြေညာထားတယ်လေ။ အဲဒါနဲ့စရောက်ဖြစ်သွားပြီးဘလော့ဆိုတာကိုစဖတ်ဖြစ်သွားပါတယ်။
နောက်တော့ ကိုစေတန် ရဲ့ဘလော့ကိုဖတ်ဖြစ်တယ်။ နည်းပညာအကြောင်းတွေကိုအသားပေးရေးတဲ့ ကိုစေတန် ရဲ့ဘလော့မှာပညာယူစရာတွေအများကြီးပါ။ စဖတ်တာနဲ့ကို စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲဒါနဲ့ဟိုမွှေဒီမွှေ နဲ့ နှစ်ရက်တည်းနဲ့ ဘလော့တစ်ခုလုံးဖတ်လို့ကုန်သွားပါတယ်။ အဲမှာပဲဘလော့ရောဂါစတယ်ထင်တာပဲ။ ဖတ်လို့ပြီးတော့သူချိတ်ထားတဲ့လင့်တွေကနေတစ်ဆင့် တခြားဘလော့တွေတော်တော်များများ
ရောက်ဖြစ်သွားပါတယ်။ သူများဘလော့တွေလိုက်ဖတ်ပေမယ့် ကိုယ်တိုင်ရေးဖို့တော့စိတ်မကူးမိဘူး။ comment မှာကော cbox မှာကော မရေးဖြစ်ဘူး။ ကိုယ့်ဆီသူများလာမှစိုးလို့။ ကိုယ်ရေးထားတာသူများဖတ်မှာအရမ်း ကြောက်တယ်လေ။ နောက်တော့လည်းသွားရင်းနဲ့ သူများတွေ cbox တို့ comment တို့မှာပြောပြောဆိုဆို ဆိုတော့ ကြည့်ရင်းနဲ့အားကျလာပြီးတော့ ကိုစေတန် ရဲ့ cbox မှာရေးလိုက်တယ်။ တစ်ခုသိချင်လို့မေးလိုက်တာပါ။ သူကပြန်လိုက်လာပြီးတော့
ဖြေပေးတယ်။ နောက် အစ်မသိုးမလေးရောက်လာတယ်။ ပြီးတော့ရောက်လာတာက ကိုသင်္ကြန် နဲ့ ဦးစိုးထက် တို့။ အားလုံးကတော်တော်လေးနွေးနွေးထွေးထွေးရှိကြတာ အရမ်း
ဝမ်းသာမိတယ်။ ဒါနဲ့ပဲစပြီးတော့ဘလော့ကို သံယောဇဉ်စတွယ်မိသွားတယ်။ ဒီလိုနဲ့ပဲဘလော့လောကထဲမှာကျင်လည်ခဲ့တာပါ။
အွန်လိုင်းမြန်မာပြည်လို့တောင်တင်စားလို့ရနိုင်လောက်တဲ့ ဒီမြန်မာဘလော့လောကဟာနိုင်ငံရပ်ခြားမှာရောက်နေသူတွေအတွက်
ကတော့တန်ဖိုးမဖြတ်နိုင်တဲ့ပတ်ဝန်းကျင်တစ်ခုပါ။ အပြင်လောကမှာကတော့ နိုင်ငံခြားရောက်နေပေမယ့် ကွန်ပျူတာကိုဖွင့်လိုက်ပြီး ဘလော့ထဲကိုဝင်လိုက်တာနဲ့ မြန်မာပြည်ကိုပြန်ရောက်သွားသလိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက်မေးထူးခေါ်ပြောနဲ့ အင်မတန်ပျော်စရာကောင်းပါတယ်။ အပြင်မှာဆိုအပေါင်းအသင်းသိပ်မရှိပေမယ့် ဘလော့ရေးရင်း မိတ်ဆွေတွေအများကြီးရလာပါတယ်။ သူငယ်ချင်းတွေကော၊အစ်ကိုတွေ အစ်မတွေကောနဲ့တော်တော်လေးကိုပျော်စရာကောင်းတဲ့
အသိုင်း အ၀ိုင်းတစ်ခုပါ။
ဒီအကြောင်းရေးဖို့ကိုပီကေ tag ထားတာကြာရောပေါ့။ တော်တော်ကြာမှရေးဖြစ်တာတောင်းပန်ပါတယ်နော်။ ကိုပီကေအပါအ၀င်ဘလော့စရေးချိန်ကစပြီး အခုအချိန်အထိ လာရောက်လည်ပတ်ကြသူများအားလုံး ကိုကျေးဇူးအထူးပါနော်။ အားလုံးပဲဘလော့ လောကလေးမှာ ကျင်လည်ရင်းပျော်ရွှင်နိုင်ကြပါစေ။
သူငယ်ချင်းတစ်ယောက်အကြောင်း
- Posted: 3:50:00 PM
- |
- Author: Winkabar
- |
- Filed under: tag
သူငယ်ချင်း အကြောင်းပြောဖို့အစ်မမိုးချစ်သူက tag ထားတာကြာရောပေါ့။စာမေးပွဲရှိတယ်ဆိုပြီးရှောင်နေတာ။ :P ။
သူငယ်ချင်းတွေအားလုံးထဲမှာမှတ်မှတ်ရရနဲ့အကြာဆုံးတွဲဖြစ်တဲ့သူငယ်ချင်းတစ်ယောက်အကြောင်းကို
ပြောပြချင်ပါတယ်။ သူနဲ့ကငယ်ငယ်လေးကတည်းကတွဲလာတာပါ။သူငယ်တန်းကနေအခုထိပေါ့။ ငယ်ငယ်တုန်းကတော့ တစ်တန်းတည်းအတူတူဆိုပေမယ့်မခင်ခဲ့ပါဘူး။သူ့ဟာသူနေကိုယ့်ဟာကိုယ်နေ။ မျက်မှန်းတန်းမိရုံ လောက်ပါပဲ။ အလယ်တန်းရောက်တော့ တစ်ခန်းတည်းအတူတူတက်ရတယ်။ အဲဒီအတန်းထဲမှာက မိန်းကလေးက (၁၀) ယောက်ပဲရှိတယ်။ ဒီတော့အားလုံးနဲ့ပေါင်းဖြစ်သွားတယ်။ သူနဲ့တော့အရင်ဆုံးပေါင်းဖြစ်တာပါ။ သူက အရမ်းအေးတယ်။ ပြီးတော့ရိုးလည်းရိုးတယ်။ နှစ်ယောက်သားသဘောထားတိုက်ဆိုင်ကြတော့ တော်တော်လေးကိုခင်သွားပါတယ်။
နှစ်ယောက်စလုံးက တစ်ခုခုကိုဖြေရှင်းဖို့ဆိုရင်တော်တော်ကြောက်ကြတယ်။ ဒါပေမဲ့ကိုယ့်ပြဿနာမဟုတ်ရင်တော့ အေးဆေးပဲ။ လွယ်လွယ်ကူကူဖြေရှင်းနိုင်တယ်။ ဒီတော့သူ့ပြဿနာဆိုကိုယ်ကဖြေရှင်းပေးတယ်။ ကိုယ်ကအခက်အခဲရှိရင် သူကကူညီနဲ့။ ဟန်ကိုကျလို့။ စာမေးပွဲဆိုရင်စာအတူတူကျက်တယ်။ဒါပေမဲ့ဘယ်တော့မှမကျက်တဲ့ဘာသာက သမိုင်း။ သမိုင်းဆိုရင်ကျက်ကိုမကျက်ပဲ နှစ်ယောက်သား မေးခွန်းလိုက်တာ။ ဆရာမ၀ိုင်းတွေမှာတက်တဲ့လူတွေဆိုရင် မေးခွန်းကြိုသိတယ်လေ။ ဒီတော့သူတို့ကိုမေးပြီး အဲဒါပဲကျက်တယ်။ ပါတော့လည်းပါသားပဲ စာမေးပွဲမှာက။ နောက်တစ်ခေါက်စာမေးပွဲဖြေလည်းအဲလိုပဲ။ ဘယ်တော့မှကိုမကျက်ဘူး။ စာမေးပွဲဆိုရင် သူကအရမ်းကြောက်တာ။ မဖြေခင်ဆိုစိတ်ပူလိုက်တာ။ တစ်ခါတစ်လေကျတော့လည်းစိတ်အရမ်းပူတော့စာတွေမေ့ကုန်တယ်။ ဒီတော့သူ့ကိုမပူနဲ့ဆိုအမြဲပြောရတာပေါ့နော်။
ကျွန်မကျတော့သူနဲ့ပြောင်းပြန်။ စာမေးပွဲဆိုမပူပဲနဲ့ အောင်စာရင်းထွက်ခါနီး အမှတ်သိခါနီးဆိုအရမ်းစိတ်ပူတယ်။ အမှတ်မထွက်ခင်ဆို ကိုယ်ကြိုက်သလောက်မှန်းလို့ရတယ် ပြီးတော့ အမှတ်ကလည်းသတ်သတ်မှတ်မှတ်မရှိသေးဘူးလေ။ အကယ်၍ထွက်သွားရင်တော့ဒီအမှတ်ပဲရတော့မှာ။ ပြန်ပြင်လို့မရတော့ဘူးဆိုပြီး အသေကြောက်တာ။ သူကကျတော့ အဲဒီအချိန်ဆိုအေးဆေးပဲ။ ဆယ်တန်းတုန်းကဆိုပိုဆိုးတာပေါ့။ သူက စာမေးပွဲမဖြေခင်ပူတယ်။ အသေကုန်းကျက်တယ်။ ကျွန်မက အဲဒီအချိန်တုန်းကတော့ အေးဆေးပဲ။ ဖြေပြီးလို့အောင်စာရင်းထွက်မယ့်အချိန်ကျတော့ကိုယ်ကပူရပြီ။ သူကအေးဆေး။ ဖြစ်ချင်တော့အဲနှစ်က အောင်စာရင်းက ပုံမှန်အချိန်ထက်နောက်ကျပြီးမှထွက်တာ။ ဒုက္ခကိုရောက်ရောပဲ။ အမြဲပဲရင်တမမဖြစ်နေရတယ်။ တော်ပါသေးတယ်။ ထွက်တော့နှစ်ယောက်စလုံးကောင်းကောင်းအောင်ပါတယ်။ အောင်စာရင်းထွက်တဲ့နေ့တုန်းက အတူတူသွားကြည့်မယ်ပေါ့။ ဒါပေမဲ့သွားမကြည့်ဖြစ်ခဲ့ပါဘူး။
နောက်တစ်နေ့မနက်ကျမှပဲသူငယ်ချင်းတွေအားလုံးစုပြီးတော့အတူတူတစ်ခေါက်သွားကြည့်ကြတာပေါ့။ သူနဲ့ကျွန်မအေးဆေးဆုံဖြစ်တာ အဲဒီတစ်ခေါက်နောက်ဆုံးပဲ။ နောက်တော့ကိုယ့်အလုပ်နဲ့ကိုယ်ရှုပ်၊ သူလည်းသူ့ဟာသူရှုပ်နေတာနဲ့ တစ်ယောက်နဲ့တစ်ယောက်မတွေ့ဖြစ်ကြတော့ဘူး။ လာခါနီးတုန်းကတော့တစ်ခေါက်တွေ့တယ်။ တွေ့ရုံလေးပါပဲ။ သွားခါနီးဆိုတော့ ခဏလေးပဲတွေ့လိုက်ရတယ်။
တစ်ခါတစ်လေကျရင်တော်တော်ကိုသတိရတယ်။ အထူးသဖြင့်ကျောင်းတက်တဲ့အချိန်တွေဆိုရင်။ ငယ်ငယ်တုန်းကအတူတူတက်ခဲ့၊ သွားခဲ့၊ လာခဲ့တာတွေကိုတော်တော်သတိရတယ်။ သူက ကျွန်မအပေါ်မှာ အရာရာကိုသည်းခံပေးတယ် နားလည်ပေးတယ်။ အခက်အခဲရှိရင်လည်းအမြဲကူညီပေးတယ်။ သူ့ကြောင့်အားတွေအများကြီးရခဲ့ရတယ်။ အခြေအနေပေးလို့ရှိရင်တော့သူနဲ့အရင်ကအတိုင်းပဲအတူတူနေချင်ပါသေးတယ်။




